လွှတ်တော်မှ အတည်ပြုခဲ့သည့် ဘတ်ဂျက် ၂၀၁၈-၁၉

လွှတ်တော်က ဘတ်ဂျက်ဘယ်လောက်ဖြတ်လိုက်သလဲ၊ ဘယ်ကဏ္ဍတွေလဲ

Posted by Budget Dashboard on September 20, 2018

လွှတ်တော်က စက်တင်ဘာ ၁၃ မှာ ဘတ်ဂျက်ကို အတည်ပြုခဲ့ပြီး၊ ဝန်ကြီးဌာနတွေက တင်ပြခဲ့တဲ့ ဘတ်ဂျက်စုစုပေါင်းရဲ့ ၀.၉၂ ရာခိုင်နှုန်းကို ဖြတ်တောက်ခဲ့ပါတယ်။ လွှတ်တော်ရဲ့ ဘတ်ဂျက်စိစစ်ရေးအဖွဲ့ ၂၀ ဟာ ၂၀၁၈ ဇူလိုင် ၂၃ မှာ စတင်ခဲ့တဲ့ နဝမပုံမှန်အစည်းအဝေးအစကတည်းက ဘတ်ဂျက်အဆိုပြုချက်တွေကို စိစစ်နေခဲ့တာဖြစ်ပါတယ်။​

ဘယ်သူအများဆုံး ဘတ်ဂျက်အဖြတ်ခံရသလဲ

ရှေ့နေချုပ်ရုံး၊​ စာရင်းစစ်ချုပ်ရုံး၊ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံး၊ သမ္မတရုံး အစရှိတဲ့ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းတွေ ဘတ်ဂျက်အဖြတ်မခံရပဲ လွှတ်တော်အဆင့်ကို ဖြတ်သန်းနိုင်ခဲ့ကြပေမယ့်၊ နေပြည်တော်ကောင်စီ၊ စက်မှုဝန်ကြီးဌာနနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနတို့ကတော့ ဒီလိုအခြေအနေမျိုး မရခဲ့ကြပါဘူး။ နိုင်ငံခြားရေးဝန်ကြီးဌာနဆိုရင် သူ့ရဲ့ ဘတ်ဂျက် ၁၂.၆၅ ရာခိုင်နှုန်း အငြင်းပယ်ခံရပါတယ်။ ဒီအထဲမှာ ငွေလုံးငွေရင်းအသုံးစရိတ် ၄၃.၄၇ ရာခိုင်နှုန်း ပါဝင်ခဲ့ပါတယ်။

နေပြည်တော် စည်ပင်ကော်မတီရဲ့ ငွေလုံးငွေရင်းအသုံးစရိတ် ၄၂.၂၅ ရာခိုင်နှုန်း လည်း ငြင်းပယ်ခံရပါတယ်။ စက်မှုဝန်ကြီးဌာနအောက်က နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေရဲ့ ငွေလုံးငွေရင်းအသုံးစရိတ် ၃၃.၃၆ ရာခိုင်နှုန်းကိုလည်း လွှတ်တော်က အတည်မပြုပေးခဲံပါဘူး။ ငွေလုံးငွေရင်းအသုံးစရိတ် ဖြတ်တောက်မှုနဲ့ ပတ်သက်ရင် သိသာတဲ့ ပမာဏ ဖြတ်တောက်ခံရတဲ့အထဲမှာ တရားလွှတ်တော်ချုပ်လည်း ပါဝင်ပါတယ်။ သူ့ရဲ့ ငွေလုံးငွေရင်း အသုံးစရိတ် ၂၇.၁၄ ရာခိုင်နှုန်း ဖြတ်တောက်ခံရပါတယ်။​ ငွေလုံးငွေရင်းအသုံးစရိတ်တွေထဲမှာ ဆောက်လုပ်ရေး၊ စက်ပစ္စည်းစတဲ့ အသုံးစရိတ်တွေ ပါဝင်ပါတယ်။

ဘယ်အသုံးစရိတ်တွေ အဖြတ်ခံရသလဲ

အစိုးရဝန်ကြီးဌာနတွေရဲ့ လစာနဲ့ တိုက်ရိုက်ကျခံသုံးစွဲရတဲ့ အသုံးစရိတ်တွေ ဖြစ်တဲ့ သာမန်အသုံးစရိတ် ဖြတ်တောက်ခံရမှုကတော့ ၀.၁၄ ရာခိုင်နှုန်းပဲရှိပါတယ်။ ငွေလုံးငွေရင်းအသုံးစရိတ် ၂.၉၂ ရာခိုင်နှုန်းကိုတော့ ဖြတ်တောက်ခဲ့တာကို တွေ့ရပါတယ်။ သာမန်အသုံးစရိတ်အနေနဲ့ဆိုရင်တော့ အများဆုံးအဖြတ်ခံရတာက စက်မှုဝန်ကြီးဌာနလက်အောက်ရှိ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများအတွက် လုပ်ငန်းလည်ပတ်အသုံးစရိတ်ထဲက သာမန်အသုံးစရိတ် ၁၁.၈၁ ရာခိုင်နှုန်း ဖြတ်တောက်ခံရမှုပဲဖြစ်ပါတယ်။

ဘယ်လောက်များတဲ့ ပမာဏလဲ

အခုအထိ တင်ပြခဲ့တာက ဘတ်ဂျက်ဖြတ်တောက်ခံရတဲ့ ရာခိုင်နှုန်းပဲ ရှိပါသေးတယ်။ ဘယ်လောက်ပမာဏဆိုတာ မပါသေးပါဘူး။ ဒီနှစ်မှာ လွှတ်တော်က စုစုပေါင်း မြန်မာကျပ် ၂၃၀ ဘီလီယံကို ဖြတ်တောက်ခဲ့ပါတယ်။​ ပမာဏအများဆုံးအဖြတ်ခံရတာ စက်မှုဝန်ကြီးဌာနနဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာနဖြစ်ပြီး အဲ့ဒိဝန်ကြီးဌာနတွေက အဖြတ်ခံရတဲ့ ပမာဏတွေက စုစုပေါင်း ဖြတ်သန်းခံရတဲ့ ပမာဏရဲ့ ၅၀ ရာခိုင်နှုန်းအထိ ရှိခဲ့ပါတယ်။ ပမာအားဖြင့် အများဆုံးအဖြတ်ခံရတဲ့ ဝန်ကြီးဌာနငါးခုစာရင်းမှာ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာန နဲ့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနတို့ ပါဝင်ပါတယ်။

လွှတ်တော်ထဲမှာ ဘယ်သူတွေ အများဆုံးဘတ်ဂျက်ဖြတ်သလဲ

လွှတ်တော်ထဲမှာ ဘတ်ဂျက်ဖြတ်တာ ဘယ်သူလက်သံအပြောင်ဆုံးလဲဆိုတဲ့ မေးခွန်းက စိတ်ဝင်စားစရာကောင်းါပတယ်။ လွှတ်တော်ထဲမှာ ဘတ်ဂျက်စိစစ်တာကို ဘတ်ဂျက်စိစစ်ရေးအဖွဲ့ ၂၀ က သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် စိစစ်ကြတာဖြစ်ပါတယ္။ စက်မှုဝန်ကြီးဌာနကို စိစစ်ရတဲ့ အဖွဲ့အမှတ် ၂၀ ကတော့ အများဆုံး ဖြတ်တဲ့ အဖွဲ့ဖြစ်ခဲ့ပြီး သူတို့စိစစ်ရတဲ့ ဘတ်ဂျက်ပမာဏရဲ့ ၁၃.၈၈ ရာခိုင်နှုန်းကို ဖြတ်တောက်ခဲ့ပါတယ်။ သူတို့ဖြတ်တောက်ခဲ့တဲ့ပမာဏက မြန်မာကျပ် ၅၉၆၅၄.၁၄၅ သန်း ဖြစ်ပါတယ်။