လွှတ်တော်ကိုတင်သွင်းထားတဲ့ ၂၀၁၈-၁၉ ဘတ်ဂျက်အဆိုပြုချက်များ

ဝန်ကြီးဌာနအလိုက် အဆိုပြုဘတ်ဂျက် အသုံးစရိတ်များ

Posted by Budget Dashboard on August 12, 2018

ယခုနှစ် ပြည်ထောင်စုအစိုးရဘတ်ဂျက် အဆိုပြုချက်များကို ပြည်ထောင်စုအဆင့် အဖွဲ့အစည်းအသီးသီးက လွှတ်တော်ကို ၂၃ နဲ့ ၂၅ ဇူလိုင်လတွေမှာ တင်သွင်းခဲ့ပါတယ်။​ အခုအချိန်မှာ ဝန်ကြီးဌာန၊ အဖွဲ့အစည်းအလိုက် ဘတ်ဂျက်တွေကို ပြည်ထောင်စုလွှတ်တော်ရဲ့ ဘတ်ဂျက်စိစစ်ရေးအဖွဲ့ ၁၆ ဖွဲ့က စိစစ်နေပြီး သူတို့ရဲ့ စိစစ်ချက်တွေ စုပေါင်းပြီး၊ မကြာခင်မှာ ပြည်ထောင်စုလွှတ်တော်ကို ဥပဒေကြမ်းပူးပေါင်းကော်မတီနဲ့ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီတို့က အစီရင်ခံစာတင်သွင်းကြမှာဖြစ်ပါတယ်။ အစိုးရအနေနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအတွက် စွဲဆောင်မှုရှိဖို့ အဓိက လိုအပ်နေတဲ့ လျှပ်စစ်ဓာတ်အားကို မြှင့်တင်ဖို့ လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနမှာ ၂၆ ရာခိုင်နှုန်း သုံးဖို့လျာထားတာကို တွေ့ရပါတယ်။ ကာကွယ်ရေးဝန်ကြီးဌာနက စုစုပေါင်း ဝန်ကြီးဌာနအဖွဲ့အစည်း အသုံးစရိတ်ရဲ့ ၁၄ ရာခိုင်နှုန်းကို လျာထားပြီး၊ ပညာရေးက ၉ ရာခိုင်နှုန်းနဲ့ ကျန်းမာရေးနဲ့ အားကစားက ၅ ရာခိုင်နှုန်း လျာထားပါတယ်။

အစိုးရဘတ်ဂျက်အသုံးစရိတ် နှစ်မျိုးဖြစ်တဲ့ သာမန်အသုံးစရိတ်နဲ့ ငွေလုံးငွေရင်း အသုံးစရိတ် နှစ်မျိုးကို ကြည့်တဲ့အခါမှာတော့ သာမန်အသုံးစရိတ်မှာ ပိုမိုသုံးစွဲထားတာတွေ့ရပါတယ်။ သာမန်အသုံးစရိတ်ထဲမှာတော့ လစာစရိတ်နဲ့ အခြားတိုက်ရိုက်ကုန်ကျရတဲ့ စရိတ်တွေ ပါဝင်ပါတယ်။ ငွေလုံးငွေရင်းမှာတော့ ဆောက်လုပ်ရေး၊ စက်ပစ္စည်းစတဲ့ အကြီးစား အသုံးစရိတ်တွေပါဝင်ပါတယ်။

ဝန်ကြီးဌာနအလိုက် အသုံးစရိတ် အဆိုပြုချက်တွေနဲ့ ပြီးခဲ့တဲ့ ခုနှစ်နှစ်စာ ဘတ်ဂျက်တွေထဲ ခွဲဝေရထားခဲ့ကြတဲ့ ပမာဏကို အောက်ပါရုပ်သံမှာ ကြည့်ရှုနိုင်ပါတယ်။ ၂၀၁၈ ကြားဖြတ်ဘတ်ဂျက်မှာတော့ ဘတ်ဂျက်နှစ်ကို ဧပြီ-မတ် ကနေ အောက်တိုဘာ-စက်တင်ဘာ ပြောင်းဖို့အတွက် ကြားခံ ခြောက်လစာပဲ ရေးဆွဲခဲ့တဲ့ ဘတ်ဂျက်ဖြစ်ပါတယ်။

ရုပ်သံထဲက ဂရပ်တွေကို ပြန်သုံးချင်ရင်တော့ ဒီလင့်ခ်မှာရယူနိုင်ပါတယ်။ CC BY 4.0 Licenseလိုင်စင်နဲ့ ဖြန့်ဝေတာဖြစ်လို့ ရင်းမြစ်ကို ဖော်ပြပြီး ပြန်လည်အသုံးပြုနိုင်ပါတယ်။