Update: ပြည်သူ့ဘဏ္ဍာ ဝက်ဘ်ဆိုဒ်မှာ အချက်အလက်အသစ်တွေ ရနိုင်ပါပြီ

Posted by Budget Dashboard on April 23, 2019

အာနန္ဒာ ဒေတာအဖွဲ့အနေနဲ့ ပြည်သူ့ဘဏ္ဍာ အချက်အလက် ဝက်ဘ်ဆိုဒ်ကို ထိန်းသိမ်းလည်ပတ်နေပါတယ်။ ဒီဝက်ဘ်ဆိုဒ်မှာတော့ ပြည်ထောင်စုအစိုးရ၊ ပြည်နယ်/တိုင်းဒေသကြီးအစိုးရတွေရဲ့ ဘဏ္ဍာငွေအရအသုံး အချက်အလက်တွေကို ဂရပ်တွေ၊ ရုပ်ပုံတွေနဲ့ ဖော်ပြနေသလို၊ အချက်အလက်တွေကိုလည်း Open Data အနေနဲ့ download ရယူနိုင်ပါတယ်။ ဒါ့အပြင် ဘတ်ဂျက်နဲ့ ပတ်သက်တဲ့ သုံးသပ်ချက်ဆောင်းပါးတွေကိုပါ ဖော်ပြလေ့ရှိပါတယ်။

ဒီဝက်ဘ်ဆိုဒ်မှာ ပါဝင်တဲ့အချက်အလက်တွေကို ပြည်ထောင်စုအစိုးရနဲ့ ပြည်နယ်/တိုင်းဒေသကြီးအစိုးရတွေ နှစ်အလိုက် ပြဌာန်းတဲ့ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေတွေကို ရယူဖော်ပြတာဖြစ်ပါတယ်။ သက်ဆိုင်ရာဥပဒေတွေကိုတော့ နိုင်ငံတော်ပြန်တမ်း၊ အစိုးရသတင်းစာများ၊ အစိုးရနဲ့ လွှတ်တော်ဝက်ဘ်ဆိုဒ်များ၊ ထုတ်ပြန်ချက်များကနေ တစ်ဆင့် ရရှိတာဖြစ်ပါတယ်။

ဒီဝက်ဘ်ဆိုဒ်မှာ အခုဆိုရင် ၂၀၁၁-၁၂ ဘဏ္ဍာရေးနှစ်ကနေ အခုနောက်ဆုံး ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုအစိုးရရဲ့ ဘတ်ဂျက် အချက်အလက်တွေ ဖော်ပြထားပြီးဖြစ်ပါတယ်။

ပြည်နယ်/တိုင်းဒေသကြီးအစိုးရဘတ်ဂျက် အချက်အလက်တွေကတော့ ၂၀၁၂-၁၃ ဘဏ္ဍာနှစ်ကနေ ၂၀၁၈-၁၉ ဘဏ္ဍာနှစ်အထိ ခုနစ်နှစ်စာအချက်အလက်တွေရဲ့ ၆၈.၃၇ ရာခိုင်နှုန်း ရရှိနိုင်ပြီဖြစ်ပါတယ်။ ၂၀၁၉ ဧပြီ ၂၂ ရက်နေ့မှာ တင်ခဲ့တဲ့ နောက်ဆုံးအချက်အလက်အသစ်ထည့်သွင်းမှု အရေအတွက်ဟာ ၂၀.၄၁% ရာခိုင်နှုန်းအထိ ရှိနေပါတယ်။

ပြည်နယ်/တိုင်းဒေသကြီး အစိုးရဘတ်ဂျက်တွေဟာလည်း ဥပဒေအနေနဲ့ ပြဌာန်းရတာဖြစ်ပါတယ်။ အဖွဲ့သားတွေအနေနဲ့ လိုအပ်နေသေးတဲ့ အချက်အလက်တွေကို နိုင်ငံတော်ပြန်တမ်းနဲ့ အခြားအရင်းအမြစ်တွေမှာ ရှာဖွေခဲ့ကြပေမယ့် မရှာဖွေနိုင်ကြသေးပါဘူး။ အကယ်၍ ကွက်လပ်ဖြည့်နိုင်မယ့်အချက်အလက်တွေကို ဖြည့်သွင်းဖို့အတွက် လိုအပ်တဲ့ ပြည်နယ်/တိုင်းဒေသကြီး ဘဏ္ဍာငွေအရအသုံးဥပဒေတွေကို PDF နဲ့သော်လည်းကောင်း၊ ဓာတ်ပုံအနေနဲ့သော်လည်းကောင်း ပေးပို့လိုပါက အာနန္ဒာကို ပေးပို့ပြီး မြန်မာနိုင်ငံရဲ့ အချက်အလက်တွေ Open Data အဖြစ် ရရှိစေရေး အားဖြည့်ပါဝင်နိုင်ပါကြောင်း။