ဘာလို့အခွန်ဆောင်သင့်တာလဲ

အစိုးရကို ဘယ်လောက်အထိ ပေးနေရပြီး၊ ဘာတွေပြန်ရနေလဲ

Posted by Htin Kyaw Aye on June 7, 2018

အခုကာလ မြန်မာနိုင်ငံမှာ စကားပြောဆို ဆွေးနွေးကြရင် ကြားရလေ့ရှိတဲ့ မေးခွန်းနှစ်ခုရှိပါတယ်။ ပထမတစ်ခုကတော့ လက်ဘက်ရည်ဆိုင်ထိုင်ပြီး နိုင်ငံရေးအကြောင်း၊ အစိုးရအကြောင်း ပြောကြတဲ့အခါ ကြားရတတ်တဲ့ မေးခွန်းဖြစ်ပါတယ်။ “အခွန်ဆောင်ထားလား၊ အခွန်ဆောင်ဖူးလား” ဆိုတဲ့ မေးခွန်းပါ။ ဒီမေးခွန်းနဲ့ ကပ်လျက်မှာ ထပ်ကြားရလေ့ရှိတဲ့ နောက်မေးခွန်းတစ်ခုက “အခွန်လေး နည်းနည်းပါးပါး ဆောင်တာလောက်နဲ့ ဘာလုပ်လို့ရမှာလဲ” ဆိုတာမျိုးပါ။ အဲ့ဒိအတွက်တော့ သတင်းကောင်းတစ်ခုရှိပါတယ်။ ဒီလိုပါ။

အခွန်ဆောင်လားဆိုတဲ့ မေးခွန်းကို ဖြေဖို့ဆိုရင် ထပ်ထွက်လာတတ်တဲ့ မေးခွန်းတွေက ဘယ်အခွန်တွေကို ဆောင်ရမှာလဲ၊ ဘယ်လိုဆောင်ရမှာလဲဆိုတာပါ။ ရိုးရိုးစင်းစင်း ပြောရရင်တော့ နိုင်ငံသားတွေက အခွန်သုံးမျိုးကို ပုံမှန်အားဖြင့် ပေးရလေ့ရှိပါတယ်။ ဝင်ငွေ၊ လစာ အပေါ် တွက်ချက်ပြီး ဆောင်ရတာကို ဝင်ငွေခွန်လို့ ခေါ်ပါတယ်။ ကုန်ပစ္စည်း၊ ဝန်ဆောင်မှုတွေကို ဝယ်ယူတဲ့အခါမှာလည်း ကုန်သွယ်လုပ်ငန်းခွန်ဆိုတာ ဆောင်ရလေ့ရှိပါတယ်။ အိမ်ရာ အဆောက်အဦးနဲ့ ပတ်သက်ရင် အိမ်ရှင်အနေနဲ့ပဲဖြစ်ဖြစ် အိမ်ငှားအနေနဲ့ပဲဖြစ်ဖြစ် ခြောက်လတစ်ခါ ဆောင်ရတတ်တာတဲ့ ပစ္စည်းခွန်ဆိုတာလည်း ရှိပါတယ်။ ဝင်ငွေခွန်ကိုတော့ အကြောင်းအမျိုးမျိုးကြောင့် ဆောင်ဖူးချင်မှ ဆောင်ဖူးကြပါလိမ့်မယ်။ ဒီအကြောင်းအမျိုးမျိုးကြောင့်ဆိုတဲ့အထဲမှာ တစ်နှစ် သိန်းနှစ်ဆယ်အထက် ဝင်ငွေမရှိလို့ဆိုတဲ့ တရားဝင် အကြောင်းပြချက်ကြောင့် မဆောင်ရတာလည်း ဖြစ်နိုင်ပါသေးတယ်။ ကိုယ်က အိမ်ပိုင်မရှိလို့ ဒါမှမဟုတ် ကိုယ့်အိမ်ပိုင်ရှင်က အခွန်ပေးနေလို့ စတဲ့အကြောင်းပြချက်တွေနဲ့ ပစ္စည်းခွန်မဆောင်ရတာလည်း ရှိနိုင်ပါတယ်။ ဒါပေမယ့် နေ့စဉ်နဲ့အမျှ အစားအသောက်၊ ကုန်ပစ္စည်း၊ ဝန်ဆောင်မှုစတာတွေကို ဝယ်ယူတဲ့အတွက်တော့ ကုန်သွယ်လုပ်ငန်းခွန်ပေးရပါတယ်။ စားသောက်ဆိုင်၊ စတိုးဆိုင်တွေကနေ အခွန်စတစ်ကာ ကပ်ထားတဲ့ ဘောင်ချာတွေ ရလေ့ရထရှိကြပါတယ်။ ဖုန်းဘေဖြည့်ရင် ၅% နှုန်း အဖြတ်ခံရပါတယ်။ စီးကရက်ဘူးနဲ့ အရက်ပုလင်းအဖုံးတွေမှာလည်း အခွန် စတစ်ကာတွေ ကပ်ထားတာ တွေ့ရတတ်ပါတယ်။ ဒါတွေအားလုံးက ကုန်သွယ်လုပ်ငန်းခွန်မှာ အကျုံးဝင်ပါတယ်။ မကြာသေးခင်ကမှ ပြုလုပ်ခဲ့တဲ့ အာရှဖောင်ဒေးရှင်းရဲ့ စစ်တမ်း အဆိုအရ ကုန်သွယ်လုပ်ငန်းခွန်ဆောင်တယ်လို့ ဖြေဆိုတဲ့သူ ၄၅% လောက်ရှိပြီး၊ ဝင်ငွေခွန်ပေးတယ်ဆိုတဲ့သူ ၁၁% ရာခိုင်နှုန်းပဲ ရှိတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် နိုင်ငံတော် ဘဏ္ဍာထဲကို တစ်ဦးတစ်ယောက်ရဲ့ ထည့်ဝင်မှုလောက်က ဝန်ဆောင်မှုတွေအပေါ် အများကြီး ထူးထူးခြားခြား သက်ရောက်စရာမရှိပါဘူးလို့ တွေးကြောင်းတွေးမိပါတယ်။ အဲ့ဒါမမှန်ပါဘူး။ ဝင်ငွေခွန်နဲ့ ကုန်သွယ်လုပ်ငန်းခွန်နှစ်ခုပေါင်းလိုက်ရင် ပညာရေးဝန်ကြီးဌာနနဲ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန နှစ်ခုရဲ့ အသုံးစရိတ်ကို ကောင်းကောင်းဖြည့်တင်းနိုင်ပါတယ်။ ၂၀၁၄ အခွန်ဥပဒေနဲ့ အခွန်နှုန်းထားတွေ တိုးခဲ့လို့ ၂၀၁၅ မှာ အစိုးရ အခွန်ငွေရရှိမှုက သိသိသာသာ တိုးလာတာ တွေ့ခဲ့ရပါတယ်။ ဆိုလိုတာကတော့ ၂၀၁၅ ကတည်းကနေစပြီး အစိုးရကို အခွန်တွေ ပိုပိုတိုးပြီး ဆောင်လာနေရတယ်ဆိုတာပါပဲ။ ဒီလိုဆိုတော့ အစိုးရကရော ဘာတွေ ပိုတိုးပြီး လုပ်ခဲ့လဲ ဝန်ဆောင်မှုတွေ ပိုကောင်းလာရဲ့လားဆိုတာ လေ့လာကြည့်ဖို့ လိုလာပါတယ်။ ၂၀၁၈ မှာ ပညာရေး၊ ကျန်းမာရေး အသုံးစရိတ်တွေ တိုးလာတာနဲ့ပဲ အရမ်းကြီး ဝမ်းမသာသွားပါနဲ့ဦး။ အဲဒါက ဝန်ကြီးဌာနတွေ ပေါင်းလိုက်တာနဲ့လည်း တစ်စိတ်တစ်ပိုင်းအားဖြင့် သက်ဆိုင်နေပါတယ်။ ဥပမာပြရရင် အားကစားဝန်ကြီးဌာနကို ကျန်းမာရေးဝန်ကြီးဌာနမှာ လာပေါင်းလိုက်တာမျိုးပါ။

အခြားတစ်ဖက်ကကြည့်ရင်လည်း ပြည်သူတွေဆောင်တဲ့အခွန်က အစိုးရရဲ့ အခွန်ငွေ ရရှိမှုပမာဏမှာ အတော်များများ ထည့်ဝင်နိုင်တာမြင်နိုင်ပါတယ်။ ဗဟိုအစိုးရက ကောက်ယူရသမျှ အခွန်စုစုပေါင်းရဲ့ တစ်ဝက်ကျော်ကို ဝင်ငွေခွန်နဲ့ ကုန်သွယ်လုပ်ငန်းခွန်ကနေ ရတာပါ။

ဖြေဆိုသူ ၆၃% ရာခိုင်နှုန်းက ပစ္စည်းခွန်ဆောင်ပါတယ်လို့ အာရှဖောင်ဒေးရှင်းရဲ့ စစ်တမ်းက ဆိုပါတယ်။ ဒီလိုဆိုရင် ပညာရေး၊ ကျန်းမာရေးစတဲ့ လူမှုရေးဆိုင်ရာ အသုံးစရိတ်တွေအတွက် အခွန်နဲ့ လည်ပတ်နိုင်ချေကို ထည့်စဉ်းစားတဲ့အခါ ပစ္စည်းခွန်ကို ဘာလို့ ချန်ထားခဲ့တာလဲဆိုတဲ့ မေးခွန်း မေးစရာရှိမယ်ထင်ပါတယ်။ ထည့်မတွက်ရတဲ့ အကြောင်းပြချက်တစ်ခုကတော့ ပစ္စည်းခွန်ကို ပြည်နယ် နဲ့ တိုင်းဒေသကြီး အစိုးရတွေက ကောက်တာဖြစ်ပြီး၊ အဲ့ပြည်နယ်၊ တိုင်းဒေသကြီးအစိုးရတွေက လူမှုရေးဝန်ဆောင်မှု အနည်းငယ်ကိုသာ ပေးနေတာဖြစ်လို့ဖြစ်ပါတယ်။ ကျောင်းတွေနဲ့ ဆေးရုံဆေးခန်းတွေကို လည်ပတ်နေတာက ဗဟိုအစိုးရက ဖြစ်ပါတယ်။ နောက်ထပ်အကြောင်းပြချက်တစ်ခုက အခြားအခွန်နှစ်မျိုးနဲ့ ယှဉ်ရင် ဒီပစ္စည်းခွန်ရဲ့ ရရှိမှုက နည်းပါတယ်။ တစ်နိုင်ငံလုံး အသားတင်ထုတ်လုပ်မှုတန်ဖိုးရဲ့ ၀.၀၃% ရာခိုင်နှုန်းပဲ ရှိတယ်လို့ ဆိုပါတယ်။

နောက်ဆုံးဖြေဖို့ ကျန်တဲ့ မေးခွန်းက ကိုယ်ပေးလိုက်တဲ့ အခွန်ငွေတွေကို ဝန်ဆောင်မှုတွေ ပိုကောင်းအောင် ပေးတဲ့ နေရာတွေမှာ သုံးနေရဲ့လားဆိုတာ ဘယ်လိုသိနိုင်မလဲဆိုတဲ့ မေးခွန်းပါ။ ဒီ့အတွက်တော့ ပြည်သူ့ဘဏ္ဍာငွေတွေ ထိထိရောက်ရောက် အကျိုးရှိရှိ လိုအပ်တဲ့နေရာတွေမှာ သုံးဖို့အတွက် နိုင်ငံသားတွေ၊ အခွန်ထမ်းတွေက ထိထိမိမိ တိုက်တွန်းတောင်းဆိုနေဖို့ လိုအပ်တယ်။ နိုင်ငံသားတွေရဲ့ စောင့်ကြည့်နေမယ့် မျက်လုံးတွေနဲ့ ထုတ်ဖော်ဝေဖန်ကြမယ့် အသံတွေ လိုပါတယ်။