ပေးကားပေး၏ မရ

ပညာရေးနှင့် ကျန်းမာရေး အသုံးစရိတ်တွေ ပိုတိုးလာပေမယ့် ကျောင်းတွေ၊ ဆေးခန်းတွေ ပိုကောင်းမလာရခြင်း အကြောင်းရင်း

Posted by Htin Kyaw Aye on July 7, 2018

တစ်နှစ်ပြီးတစ်နှစ် ပညာရေးနှင့် ကျန်းမာရေး အသုံးစရိတ်များ ပိုပိုသုံးစွဲရေးအတွက် တောင်းဆိုမှုများ၊ တိုက်တွန်းမှုများမှာ မပြတ်ကြားရလေ့ရှိသည်။ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလတွင် ထုတ်ပြန်ခဲ့သည့် လွှတ်တော်အစိရင်ခံစာတစ်စောင်တွင် “အရေးကြီးသည့် အခြေခံအဆောက်အအုံများနှင့် လူမှုအသုံးစရိတ်များဖြစ်သည့် ပညာရေးနှင့် ကျန်းမာရေး”တို့ကို ပိုမိုသုံးစွဲရန် တိုက်တွန်းထားသည်။ ထိုအစီရင်ခံစာတွင်ပင် ၂၀၁၈ ခုနှစ် ဧပြီမှ စက်တင်ဘာလအထိ ခြောက်လတာကာလပတ်အတွက်ရေးဆွဲထားသော အစိုးရဘတ်ဂျက်တွင် ပညာရေးအသုံးစရိတ်သုံးစွဲထားမှုမှာ ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်အတွက် ထိုခြောက်လကာလအတွက် ပညာရေးအသုံးစရိတ်ထက် နှစ်ဆဖြစ်ခဲ့ပြီး၊ ကျန်းမာရေးအသုံးစရိတ်မှာ လေးဆအထိ ပိုမို များပြားလာခဲ့သည်ဟု ဆိုသည်။

၂၀၁၅-၁၆ ဘတ်ဂျက်သည် ၂၀၁၅ ရွေးကောက်ပွဲတွင် ရှုံးနိမ့်ပြီး အမျိုးသားဒီမိုကရေစီ အစိုးရကို အာဏာလွှဲပြောင်းပေးခဲ့ရသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အစိုးရ အကောင်အထည်ဖော်ခဲ့သည့် နောက်ဆုံးဘတ်ဂျက်ဖြစ်သောကြောင့် ထိုနှစ်ကို အခြေပြုတိုင်းတာခြင်း ဖြစ်နိုင်ပါသည်။ သို့သော် ပညာရေး၊ ကျန်းမာရေး တိုးတက်မှုမှာလည်း ယခင်အစိုးရလက်ထက်ကတည်းကပင် ထိုနှုန်းထားဖြင့် တိုးတက်လာခြင်းဖြစ်သည်။

အစိုးရသည် ခြောက်လဘတ်ဂျက်တွင် အစိုးရတစ်ဖွဲ့လုံး အသုံးစရိတ်၏ ၈.၅၃ ရာခိုင်နှုန်း ကို ပညာရေးအတွက် ချထားပေးခဲ့ပြီး၊ ၅.၂၃ ရာခိုင်နှုန်းကို ကျန်းမာရေးအတွက် ချထားပေးခဲ့သည်။ သို့တိုင် ထိုရာခိုင်နှုန်းအချိုးအစားသည် အာဆီယံနိုင်ငံများ၏ ပျမ်းမျှ နှုန်းထားနှင့် ယှဉ်လျှင် နည်းပါးနေဆဲဖြစ်သည်။ ပညာရေးဘတ်ဂျက်အတွက် အာဆီယံ၏ ပျမ်းမျှ ဘတ်ဂျက်ရာခိုင်နှုန်းမှာ ၂၀၁၁ ခုနှစ် ကိန်းဂဏန်းများအရ ၁၂.၉၆ ရာခိုင်နှုန်း ဖြစ်ပြီး၊ ကျန်းမာရေးအတွက်မူ ၂၀၁၅ ခုနှစ်တွင် ပျမ်းမျှ ၈.၀၈ ရာခိုင်နှုန်းဖြစ်သည်။

ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီမှ ၂၀၁၇ ခုနှစ်တွင် တင်သွင်းသော အခြားအစီရင်ခံစာတစ်စောင်တွင်မူ တစ်နှစ်ထက်တစ်နှစ် ကျန်းမာရေးအသုံးစရိတ်များ တိုးတက်ချထားပေးသော်လည်း ကျန်းမာရေးကဏ္ဍ တိုးတက်မှုမှာ ထင်ထင်ရှားရှား မတွေ့ရဟု ထောက်ပြထားသည်ကို တွေ့ရသည်။

စာရင်းစစ်ချုပ်က ပြည်ထောင်စုလွှတ်တော်သို့ ၂၀၁၇ ခုနှစ်တွင် တင်သွင်းသည့် အစီရင်ခံစာတစ်စောင်တွင်မူ တစ်နှစ်ထက်တစ်နှစ် တိုးတက်လာသော ပညာရေး၊ ကျန်းမာရေးအသုံးစရိတ်များကို လိုအပ်သည့် နေရာတွင် ထိထိရောက်ရောက် အသုံးချနိုင်စေရေး စီမံခန့်ခွဲရန် တိုက်တွန်းထားသည်။ ဘတ်ဂျက်ချထားပေးမှုများကို အာရုံစိုက်ကြည့်လေ့ရှိသည့်အတွက် အရေးကြီးသည့် မေးခွန်းတစ်ခုကို ကျွန်တော်တို့ မမေးမိပဲ ချန်လှပ်ထားမိကြသည်။ ပိုမို ​ချထားပေးသည့် ဘတ်ဂျက်များ၏ အကျိုးကျေးဇူးကို ပြည်သူများ တကယ် ခံစားရပါရဲ့လားဟူသည့် မေးခွန်းဖြစ်သည်။

ဘတ်ဂျက်များများ ချထားပေးသလောက် ဘာလို့ တိုးတက်မှုမရှိတာလဲ

ပညာရေး၊ ကျန်းမာရေး အသုံးစရိတ်များ တိုးတက်စေရေး လုပ်ဆောင်ချက်များကို အကျိုးမရှိဟု မဆိုနိုင်ပါ။ သို့တိုင် ဖြေရှင်းရမည့် ပြဿနာများ ရှိနေသေးပုံရပါသည်။ ထိုပြဿနာများကို အသေးစိတ် လေ့လာကြည့်နိုင်ရန်အတွက် ရိုးရှင်းသော မေးခွန်းအချို့ အချက်အလက်ဖြင့် ဖြေဆိုနိုင်ရန် ကြိုးစားကြည့်ပါသည်။ ပညာရေးနှင့် ကျန်းမာရေး ဝန်ကြီးဌာနများသည် ချထားပေးသမျှ ဘတ်ဂျက်အားလုံးကို တကယ်ရော အသုံးချရဲ့လား။ အဖြေက ကုန်အောင် မသုံးနိုင်ပါဟု ထွက်ပါသည်။

ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့သာ ထိုအခြေအနေတွင် ရှိနေသည်မဟုတ်ပါ။ အစိုးရဝန်ကြီးဌာနအားလုံး ချထားသည့်ဘတ်ဂျက်ကို ကုန်အောင်မသုံးနိုင်သည့် အခြေအနေတွင် ရှိနေသည်မှာ သဘာဝလို ဖြစ်နေပုံရပါသည်။ ပြီးခဲ့သည့် ငါးနှစ်အတွင်း အစိုးရအဖွဲ့အစည်းများအားလုံး၏ ပိုလျှံသည့် ဘဏ္ဍာငွေ ပမာဏမှာ နှစ်စဉ် ချထားပေးသည့် ဘတ်ဂျက်စုစုပေါင်း၏ ပျမ်းမျှ ၁၂ ရာခိုင်နှုန်းခန့် ဖြစ်သည်။

၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင် ကျန်းမာရေး ဝန်ကြီးဌာနသည် စုစုပေါင်း ချထားပေးသည့် ဘတ်ဂျက်၏ ၁၁.၈၉ ရာခိုင်နှုန်းဖြစ်သည့် ကျပ် ၈၆၆၅၃.၈ သန်း ကို မသုံးနိုင်သဖြင့် ပြန်လည်အပ်နှံခဲ့ရပြီး၊ ပညာရေးဝန်ကြီးဌာနသည် ဝန်ကြီးဌာနဘတ်ဂျက်၏ ၅.၂ ရာခိုင်နှုန်းဖြစ်သော ကျပ် ၇၅၈၅၇.၈ ရာခိုင်နှုန်းကို ပြန်အပ်နှံခဲ့ရသည်။ နောက်တစ်နှစ်တွင်လည်း အခြေအနေမှာ ပိုကောင်းမလာပဲ ကျန်းမာရေး ဝန်ကြီးဌာနက ကျပ် ၁၂၉၈၀၂.၉၃ သန်း (ကျန်းမာရေးဝန်ကြီးဌာန ဘတ်ဂျက်၏ ၁၅.၂၆ ရာခိုင်နှုန်း) နှင့် ပညာရေးဝန်ကြီးဌာနသည် ကျပ် ၁၁၃၉၅၉.၀၄ သန်း (ပညာရေးဝန်ကြီးဌာန ဘတ်ဂျက်၏ ၆.၉၉ ရာခိုင်နှုန်း) ကို ပြန်အပ်ခဲ့ရသည်။

ပိုသုံးရမယ့် ဘတ်ဂျက်က ပိုအပ်ရမယ့် ဘတ်ဂျက်ဖြစ်လာသလား

နှစ်ပေါင်းများစွာ ဘတ်ဂျက်ပိုလျှံနေသည့် သမိုင်းကြောင်းကို လေ့လာကြည့်မည်ဆိုလျှင် ပြဿနာပေါင်းများစွာ ရှိပါလိမ့်မည်။ ထိုအထဲမှ စနစ်အတွင်း၊ လက်တွေ့လုပ်ငန်းအတွင်း သိသာထင်ရှားသည့် ပြဿနာအချို့ကို လေ့လာကြည့်ပါမည်။ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ ကွင်းဆင်းစစ်ဆေးချက်အရ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်အတွင်း အကောင်အထည်ဖော်ရမည့် စီမံကိန်းပေါင်း ၇၀၂၂ ခုရှိရာ ၂၀၁၇ ဒီဇင်ဘာအထိ စီမံကိန်းပေါင်း ၃၀၆၄ ခုကို စတင်နိုင်ခြင်း မရှိသေးဟု တွေ့ရှိရသည်။ ထိုကာလသည် ဘဏ္ဍာနှစ်ကုန်ဆုံးရန် သုံးလသာ လိုတော့သည့် ကာလဖြစ်သည်။ လွှတ်တော်ကော်မတီက သုံးသပ်သည်မှာ စီမံကိန်းများကို စနစ်တကျ ရေးဆွဲခဲ့ခြင်းမရှိသောကြောင့် လက်တွေ့ အကောက်အထည်ဖော်ရာတွင် အခက်အခဲများ ကြုံတွေ့ရသည်ဟု သိရသည်။ ပညာရေးနှင့် ကျန်းမာရေးဝန်ကြီးဌာနသည် ပညာရေး၊ ကျန်းမာရေး အဆောက်အအုံများကို ဆောက်လုပ်ပေးရသည့် ဆောက်လုပ်ရေးဝန်ကြီးဌာနများနှင့် ညှိနှိုင်းချိတ်ဆက်ဆောင်ရွက်နိုင်မှု အားနည်းခဲ့သည်ဟု ထောက်ပြသည်။ တင်ဒါခေါ်ယူခြင်း၊ အရည်အသွေး စစ်ဆေးခြင်းတို့တွင် ပြဿနာများ ပေါ်နိုင်ကြောင်း ကော်မတီက ထောက်ပြသည်။

၂၀၁၅-၁၆ ဘဏ္ဍာနှစ်နှင့် ပတ်သက်သည့် စာရင်းစစ်အစီရင်ခံစာတွင်မူ အစိုးရဌာနများအနေဖြင့် လိုအပ်သည်ထက် ဘတ်ဂျက်ကို ပိုတွက်ခြင်းကို ပိုမိုကြပ်မတ်နိုင်ရန် ဌာနဆိုင်ရာ အကြီးအကဲများကို တိုက်တွန်းထားသည်။ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီကလည်း ထိုအချက်ကို သဘောတူထားပြီး ၎င်း၏ ၂၀၁၆-၁၇ ဘဏ္ဍာနှစ် ငွေကြေးသုံးသပ်ချက်အစီရင်ခံစာတွင် စီမံကိန်းများကို သတ်မှတ်ကာလအတွင်း အမှန်တကယ် အကောင်အထည်ဖော်နိုင်မှုကို သုံးသပ်၍ ရေးဆွဲကြရန် တိုက်တွန်းထားသည်။​

ပိုလျှံသည့် ငွေများကို မည်သို့ စီမံခန့်ခွဲသနည်း

ပိုသဖြင့် ပြန်အပ်လိုက်ရသော ဘဏ္ဍာငွေများ မည်သည့်နေရာရောက်သွားသနည်း၊ ဘယ်လိုစီမံခန့်ခွဲသနည်းဟု စိုးရိမ်ကောင်း စိုးရိမ်နိုင်ပါသည်။ ကိုလိုနီခေတ် လုပ်ငန်းလမ်းညွှန်တစခု ထိုနေရာတွင် အရေးပါလာပါသည်။

Burma Budget Manual ဟု ခေါ်သော ဗမာပြည် ဘတ်ဂျက် လက်စွဲတွင် ပိုလျှံရန်ပုံငွေများကို “အထွေထွေပိုလျှံရန်ပုံငွေ” ခေါင်းစဉ်အောက်တွင် သိမ်းဆည်းရန် လမ်းညွှန်ချက်များ ပါရှိသည်။ ထိုနည်းလမ်းများဖြင့် ဘတ်ဂျက်ပိုလျှံအပ်နှံငွေများကို သိမ်းဆည်းသည်။ မူရင်း လက်စွဲတွင် ထိုငွေစာရင်းမှ ဘတ်ဂျက်များကို ပြန်လည်လွှဲပြောင်းသုံးစွဲခွင့်မပြုပါ။ သို့ေသာ် ၁၉၇၄ အထွေထွေ ဘဏ္ဍာရေး လုပ်ငန်း စည်းမျဉ်းစည်းကမ်းများအရ အစိုးရဌာနများထံ ထိုအပ်နှံငွေများထဲမှာ ပြန်လည်လွှဲပြောင်းသုံးစွဲခွင့်ပြုရန် ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနကို လုပ်ပိုင်ခွင့်ပေးခဲ့သည်။ ၂၀၁၇ ခုနှစ်တွင် လွှတ်တော်သို့ တင်သွင်းသည့် စာရင်းစစ်ချုပ် အစီရင်ခံစာတွင် ထိုသို့ လွှဲပြောင်းမှုမှာ လွှတ်တော်မှ အတည်ပြုထားသော ဘတ်ဂျက်ထဲတွင် ထည့်သွင်းရေးဆွဲထားခြင်းမရှိသော လုပ်ငန်းများ လုပ်ဆောင်လာစေနိုင်သဖြင့် “မလိုလားအပ်သော” လုပ်ငန်းအဖြစ် ဖော်ပြထားသည်။ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီကလည်း ထိုသို့လွှဲပြောင်း သုံးစွဲမှုများမှာ ဘတ်ဂျက်ပြင်ပ လုပ်ငန်းအသစ်များ အကောင်အထည်ဖော်ခြင်းများ ဖြစ်လာနိုင်သည်ဟု ထောက်ပြထားသည်။

ဘယ်လိုသက်ရောက်မှုရှိနိုင်လဲ

ပညာရေး၊ ကျန်းမာရေးအသုံးစရိတ်များကို လျှော့ချသုံးစွဲခြင်းသည် ပြည်သူများ ရရှိသည့် ဝန်ဆောင်မှုများတွင် အရေအတွက်အားဖြင့်သော်လည်းကောင်း၊ အရည်အသွေးအားဖြင့်သော်လည်းကောင်း ရသင့်သည်ထက် လျော့ကျရရှိစေသည်မှာ သေချာပါသည်။ ထို့ကြောင့် လွှတ်တော်ကော်မတီက ဘဏ္ဍာငွေ ပိုမို ချထားပေးသလောက် ဝန်ဆောင်မှုများ ပိုကောင်းမလာဟု ထောက်ပြကြခြင်းမှာ မလွန်ဟု ဆိုနိုင်ပါသည်။ အကြောင်းမှာ ဘတ်ဂျက်ချထားမှုကိုသာ အာရုံစိုက်မိခဲ့ကြသောကြောင့် ဖြစ်သည်။ ပိုတိုးလာသော ဘတ်ဂျက်၏ အကျိုးကို ပြည်သူများ ပိုမိုခံစားရနိုင်စေရန်အတွက် ပြည်သူ့ဘဏ္ဍာငွေများကို အသေအချာ စီမံကိန်းချ၍ ထိရောက်စွာ အသုံးပြုနိုင်ရန် လိုအပ်ပါသည်။